ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌနှင့် ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးတွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး သည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ဂျပန်ဒုတိယ၀န်ကြီး Mr. Hiroshi Okada ဦးဆောင်သော အဖွဲ့ဝင်များအား ဧပြီ ၃၀ ရက်နေ့က ရန်ကုန်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးချုပ်ခန်းမတွင် တွေ့ဆုံခဲ့သည်။
မြန်မာ-ဂျပန်နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအပြင် ဂျပန်-မြန်မာ ဆက်ဆံရေးတိုးတက် မှုအပေါ် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။
“ပြည်ခိုင်ဖြိုးအနေနဲ့ ကူညီဆောင်ရွက်ပေးနိုင်တာတွေအားလုံးကို ဂျပန် မိတ်ဆွေတွေကို ကူညီသွား ပါမယ်။ လက်တွေ့ဆောင်ရွက်ရမှာကတော့ လက်ရှိ အစိုးရအဖွဲ့ တာဝန်ပါ” ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ကပြောသည်။
မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံမီ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးချဲ့ ဆောင် ရွက်ရန် အထူး စိတ်ဝင်စားလျက်ရှိရာ ပါတီ၏ စည်းရုံးဆောင်ရွက်မှုဖြင့် ပြည် တွင်း လုပ်ငန်းရှင်များ ပါဝင်လာစေရန် ကူညီဆောင်ရွက်ပေးသွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဂျပန်နိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့က သီလ၀ါဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်မှုနှင့် မီးရထားကဏ္ဍ အဆင့်မြှင့်တင်ခြင်းအပါအ၀င် လုပ်ငန်း ဆိုင်ရာ အခက်အခဲများအပေါ် ဆွေးနွေးတင်ပြသွားခဲ့ရာ ပါတီဒုတိယဥက္က ဋ္ဌက ပြန်လည်အကြံပြုပြောကြားခဲ့သည်။
“နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေးမအောင်မြင်နိုင်ရင် နိုင်ငံရေးလဲ မအောင်မြင်နိုင် ပါဘူး၊ ဒါကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရပါမယ်” ဦးဌေးဦး က ပြောသည်။
ဂျပန်နိုင်ငံ၏ အဓိကအတိုက်အခံပါတီခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများ ကိုယ်တိုင် လာရောက် တွေ့ဆုံခြင်းဖြစ်သောကြောင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အောင်မြင်စေနိုင်မည်ဟု ၎င်းကသုံးသပ်သည်။
မြန်မာနိုင်ငံတော်အစိုးရသည် ရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုးပါတီမှ ရွေး ချယ်တင်မြှောက်ခဲ့သော အစိုးရဖြစ်သောကြောင့် အစိုးရ၏ စီးပွားရေး လုပ်ဆောင်ချက်များအပေါ် ပါတီက အထူးဂရုပြု ဆောင်ရွက်သွားမည်ဟု သိရသည်။
ဂျပန်ဒုတိယ၀န်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံရာ တွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များနှင့် ပြည်သူ့လွှတ်တော် အထူးကိစ္စရပ် များ စောင့်ကြည့်လေ့လာရေးကော်မရှင်မှ အဖွဲ့ဝင် ဦးဝင်းမြင့်တို့ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment