Wednesday, May 14, 2014

လက်ဝှေ့ ကြိုးဝိုင်းအတွင်း မတော်တဆ ထိခိုက် သေဆုံးမှုများ မရှိစေရန် ကြိုတင် ကာကွယ်မှုများ ပြုလုပ်ရန် စီစဉ်ထား

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်မှ လက်ဝှေ့ထိုးသတ်ရင်း မတော်တဆ ထိခိုက်မှုကြောင့် ကွယ်လွန်သွားသော ပဲပြားမောင်မောင် (ခ)စောလင်းထိုက်၏ အဖြစ်အပျက်ကြောင့် နောက်လာမည့် ပြိုင်ပွဲများတွင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ကြိုတင်ပြင်ဆင်မှုအနေနဲ့ အချက်သုံးချက်အား ထုတ်ပြန်ခဲ့ရာ ပြိုင်ပွဲမတိုင်ခင် လက်ဝှေ့သမားတွေကို ဒဏ်ရာဟောင်းများ ရှိမရှိစစ်ဆေးရန်၊ ကြံ့ခိုင်မှု စစ်ဆေးရန်နှင့် ဆရာဝန်အနေဖြင့် ဆေးစစ်ရာတွင် ပိုမိုတိကျစွာ ပြုလုပ်သွားရန်တို့ ဖြစ်သည်။ ဒုတိယ အချက်အနေနှင့် ကြိုးဝိုင်းဒိုင်၊ ခုံသမာဓိတို့မှ တဘက်ကစားသမားက အထိနာလာ(နိမ့်နေပြီ)ဆိုလျှင် ပေတေမခံရန်နှင့် လက်ရည်မမျှသည့် ပြိုင်ပွဲအား ရပ်တန့်ပေးရမည်ဖြစ်ပြီး တတိယ အချက်အနေဖြင့်ပြိုင် ပွဲတိုင်းတွင် ကစားသမားများအတွက် အသက်အာမခံ ထားပေးရန် ပြုလုပ်သွားမည် ဖြစ်သည်။မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်က “ယခုအဖြစ်အပျက်ကို လေ့လာသုံးသပ်ပြီး ကြိုတင်ကာကွယ်မှုတွေအတွက် အချက်သုံးချက် ထုတ်ပြန်ထားတယ်။ နှစ်ချက်ကတော့ ကစားသမားတွေအတွက် ကြိုတင်ကာ ကွယ်မှုပါ။တတိယ အချက်ကတော့ ကစားသမားတွေ ထိခိုက်ခဲ့ရင်လဲ ထောက်ပံ့ကြေး ရှိထားဖို့ပါ။ ရန်ကုန်မှာ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ မဖြစ်ပါဘူး။ နယ်ပွဲတွေမှာ အဖြစ်များတာပါ”ဟု ပြောသည်။ ပြိုင်ပွဲယှဉ်ပြိုင်စဉ် မတော်တဆ ထိခိုက်မိပြီး သေဆုံးသွားသော ပဲပြားမောင်မောင်(ခ) စောလင်းထိုက်၏ ကျန်ရစ်သူ မိသားစုအား မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ငွေကျပ်၂၀၁၅၀၀၀အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ပဲပြားမောင်မောင်၏ ဖခင်ဖြစ်သူ ဦးအေးလွင်က ယင်းအဖြစ်အပျက်မှာ ကာယကံရှင် အလွန်ကံဆိုး၍ ဖြစ်ခဲ့ရသည်ဟု လက်ခံကြောင်းနှင့် လက်ရှိသားငယ်တစ်ဦးမှာ မြားထက်ကျော်ကလပ်တွင် မြားထက်အောင် အမည်ဖြင့် လက်ဝှေ့ထိုးသတ်လျက်ရှိရာ ဆက်လက် အားပေးသွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

No comments:

Post a Comment

back to top