အက်သလက်တီကို အသင်းနှင့် ချန်ပီယံလိဂ် ဖိုင်နယ်တွင် ဂိုးများ သွင်းယူလိုသည့် စီရိုနယ်ဒို
ရီးရဲလ်အသင်း တိုက်စစ်မှူး စီရိုနယ်ဒိုက ၎င်းအနေဖြင့် အက်သလက်တီကိုအသင်းနှင့် ကစားရမည့် လာမည့် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်တွင် လက်ရှိ ချန်ပီယံလိဂ်မှာ ရှိနေသည့် ဂိုးသွင်းစံချိန်ကို ဆက်လက် ရပ်တည်နိုင်ရန်အတွက် ဂိုးများ သွင်းယူလိုကြောင်း ပြောဆိုလိုက်သည်။ အသက် ၂၉ နှစ် အရွယ်ရှိ ရီးရဲလ်အသင်း တိုက်စစ်မှူး စီရိုနယ်ဒိုသည် ချန်ပီယံလိဂ်တွင် တစ်ရာသီအတွင်း ၁၄ ဂိုးအထိ သွင်းယူထားသည့် ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီ၏ စံချိန်ကို ချိုးဖျက်ကာ သွင်းဂိုး ၁၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သည်။ အဆိုပါ ကစားသမားက ၎င်းအနေဖြင့် ယခုရာသီ ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံး စံချိန်ကို ဆက်လက် ထိန်းထားနိုင်ရန်အတွက် အက်သလက်တီကို အသင်းနှင့် လာမည့် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်တွင် ဂိုးများ ဆက်လက် သွင်းယူနိုင်ရန် မျှော်လင့်ထားကြောင်း ဆိုသည်။ စီရိုနယ်ဒိုက လက်ရှိအချိန်တွင် မိမိတို့အသင်းအနေဖြင့် စပိန်ဘုရင့်ဖလားကို ရရှိထားပြီး စပိန်လာလီဂါမှာလည်း ချန်ပီယံဆုအတွက် မရေမရာသလို ခက်ခဲသည့် ပြိုင်ပွဲလည်း ဖြစ်ကြောင်း၊ မိမိတို့အသင်းသည် ချန်ပီယံလိဂ်တွင် ဖိုင်နယ်အဆင့်သို့ ရောက်ရှိနေသလို ယခုတွင် အကောင်းဆုံး အသင်းနှင့် ချန်ပီယံဆုကို အပြိုင်လုရမည် ဖြစ်ကြောင်း၊ ဖိုင်နယ်ပွဲစဉ်တွင် အနိုင်ရနိုင်ခြေမှာ နှစ်သင်းစလုံးတွင် ဆတူရှိနေကြောင်း၊ အက်သလက်တီကို အသင်းသည် အကောင်းဆုံး ဖြစ်နေပြီး စပိန်လာလီဂါ အမှတ်ပေးဇယားတွင် ၎င်းတို့အသင်းသည် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း၊ ယခုလို စပိန်ကလပ်အသင်း ၂ သင်း ဖိုင်နယ်အဆင့်အထိ တက်ရောက်လာနိုင်ခြင်းသည် အမှန်တကယ်အားဖြင့် အလှပဆုံး အနေအထားတစ်ခု ဖြစ်ကြောင်း၊ ဆီဗီလာအသင်းဆိုပါက ယူရိုပါလိဂ် ဖိုင်နယ်အထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ မိမိအနေဖြင့် ချန်ပီယံလိဂ် ဖိုင်နယ်တွင် ဂိုးသွင်းယူလိုပြီး ဆုဖလားကို ရရှိရေးက အသင်းအတွက် ပိုပြီး အရေးပါကြောင်း ပြောကြားခဲ့သည်။
No comments:
Post a Comment