ဂျပန်နှင့် တောင်ကိုရီးယား သံတမန်များ တွေ့ဆုံ ဆွေးနွေးမည်
ဂျပန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ အကြား ဆိုးရွားသော ဆက်ဆံရေးများ တိုးတက် ကောင်းမွန်လာစေရေး အတွက်ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့မှ အဆင့်မြင့် အရာရှိကြီးများသည် မေ ၁၅ ရက်တွင် နှစ်နိုင်ငံ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအား တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဖူမီအိုကီရှီဒါက မေ ၁၃ ရက်တွင် ပြုလုပ်သည့် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု သိရသည်။
နှစ်နိုင်ငံ အနေဖြင့် စစ်ပွဲကာလ အတွင်း မဖြစ်မနေ စစ်မှုထမ်းခဲ့ရသည့် လုပ်သားများနှင့် ပတ်သက်၍ ဂျပန် ကုမ္ပဏီများက နစ်နာကြေး ပေးရေးအတွက် တောင်ကိုရီးယားနိုင်ငံ၏ တောင်းဆိုထားမှုနှင့် ဖူကူရှီးမာ နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဂျပန်နိုင်ငံမှ ရေထွက် ကုန်များအား တင်သွင်းခြင်း မပြုရန် တောင်ကိုရီးယား နိုင်ငံ၏ ကန့်သတ် ပိတ်ပင်ထားမှုများ တို့ကို ဆွေးနွေး သွားနိုင်ဖွယ် ရှိကြောင်း ကီရှီဒါက ပြောကြားခဲ့သည်။ လွန်ခဲ့သော ရာစုနှစ် အလယ်ပိုင်း၌ ဂျပန်အင်ပါယာ လက်ထက်တွင် တောင်ကိုရီးယား အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ ကျေးကျွန်များအဖြစ် အသုံးချခဲ့မှုနှင့် ပတ်သက်၍ အလေးထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြား ခဲ့သည်။ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနရှိ အာရှနှင့် သမုဒ္ဒရာရေးရာ အကြီးအကဲ Junichi Ihara နှင့် တောင်ကိုရီးယား နိုင်ငံဘက်မှ အရှေ့မြောက် အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် Lee Sang-Deok တို့ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ ဗျူရို အကြီးအကဲ အဆင့် ဆက်သွယ် ဆောင်ရွက်မှုများမှ တစ်ဆင့် နိုင်ငံရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် ကီရှီဒါက ပြောကြားခဲ့သည်။ စစ်ပွဲကာလ အတွင်း တောင်ကိုရီးယား နိုင်ငံသူများအား လိင်ပိုင်းဆိုင်ရာ ကျေးကျွန်အဖြစ် အသုံးချခဲ့မှု အတွက် ဂျပန်နိုင်ငံ အနေဖြင့် ၎င်း၏ အပြစ်များကို ပြေရာပြေကြောင်း ဆောင်ရွက်ပေးရေး တောင်းဆိုထားသော တောင် ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးနှင့် နှစ်ဦးနှစ်ဖက် ဆွေးနွေးမှု ပြုလုပ်ရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ကမ်းလှမ်းမှုကိုမူ ငြင်းပယ်ထားကြောင်း သိရသည်။
No comments:
Post a Comment