Wednesday, May 28, 2014

ထိုင်းစစ်ဘက် တပ်ဖွဲ့ဝင် များက ရှပ်နီ အဖွဲ့၏ ရေဒီယို အသံလွှင့် ရုံတစ်ခုကို ဝင်ရောက် စီးနင်း 

ထိုင်းစစ်ဘက် တပ်ဖွဲ့ဝင်များသည် ချင်းမိုင်မြို့လယ်ရှိ ဟိုတယ်တစ်ခုအတွင်း အခြေစိုက် ထားရှိသော Rak Chiang Mai 51 ရေဒီယို အသံလွှင့်ရုံအား ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။ 
ချင်းမိုင်ပြည်နယ်တွင်  စစ်ဘက်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီး နောက်ပိုင်း စစ်ဘက်၏ အဆိုပါ ရေဒီယို အသံလွှင့်ရုံအား ဝင်ရောက် စီးနင်းမှုဖြစ်စဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ တပ်ဖွဲ့ဝင်များသည် အဆိုပါ ဟိုတယ်အတွင်းမှ သက်ဆင်ရှင်နာဝပ်နှင့် ရှပ်နီ အဖွဲ့ခေါင်းဆောင် Phetcharawat Wattan- pongsirikul တို့တွဲရိုက်ထားသော ဓာတ်ပုံတစ်ပုံနှင့် သက်ဆင်၏ ပုံတူပန်းချီ ကားကြီး တစ်ချပ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး   စာရွက်စာတမ်းများ၊ Notebook ကွန်ပျူတာငါးလုံး၊ ကင်မရာ တစ်လုံး၊ ဗီဒီယိုကင်မရာတစ်လုံး၊ ကျည်ကာ အင်္ကျီတစ်ထည်နှင့် ဗုံးဆက်စပ်ပစ္စည်း အစိတ် အပိုင်းများ ထည့်ထားသော သေတ္တာ တစ်လုံးတို့အား သိမ်းဆည်း ရမိခဲ့ကြောင်းနှင့်  အဆိုပါ   ဗုံးဆက်စပ် ပစ္စည်း ထည့်ထားသော သေတ္တာကို  အမှတ်(၇) ခြေလျင် တပ်ရင်းကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
စစ်ဘက်အာဏာ သိမ်းပြီးသည့် အချိန်မှစ၍ စစ်ဘက် တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ ဟိုတယ်အတွင်း စီးနင်းရှာဖွေခဲ့မှုမှာ (၂) ကြိမ် ရှိပြီဖြစ်ကြောင်းနှင့် စာရွက်စာတမ်းများ ထည့်ထားသောဘီရိုများ၊ ရေဒီယို ထုတ်လွှင့်ရေး ကိရိယာများနှင့် လက်နက်များ သိမ်းဆည်းရမိ ထားခဲ့ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top