Wednesday, May 14, 2014

အီရန်နှင့် အင်အားကြီး ခြောက်နိုင်ငံ စေ့စပ် ဆွေးနွေး မှုများ ပြန်လည် ပြုလုပ်

အင်အားကြီးခြောက်နိုင်ငံမှ ကိုယ်စားလှယ်များသည် အီရန်၏နျူကလီးယား အစီအစဉ်များအပေါ် ထိန်းချုပ် ရေး နောက်ဆုံး သဘောတူညီမှု ရရှိနိုင်ရန်  ကြိုးပမ်းသည့်အနေဖြင့်သြစတြီးယားနိုင်ငံ  ဗီယင်နာမြို့၌ အီရန် နိုင်ငံနှင့် ဆွေးနွေးပွဲသစ်တစ်ရပ် စတင်ပြုလုပ် ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
၎င်းကိစ္စနှင့် ပတ်သက် ၍ အီရန် နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif နှင့် ဥရောသမဂ္ဂ နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာ အကြီးအကဲ ကတ်သရင်းအက်ရှ်တန် တို့သည် မေ ၁၃ ရက်တွင် အကြိုဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့မှ စေ့စပ်ညှိနှိုင်း ဆွေးနွေး သူများ သည်လည်း မေ ၁၄ ရက်တွင် ၎င်းတို့နှင့် ပါဝင်ဆွေးနွေး သွားမည်ဖြစ်သည်။
အီရန် အာဏာပိုင်များက အဆိုပါ ခြောက်နိုင်ငံအနေဖြင့် အီရန်နိုင်ငံ အနောက်ပိုင်းဒေသရှိ ရေလေး နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်နေမှုအား ထောက်ခံလိမ့်မည်ဟု ၎င်းတို့ အနေဖြင့်ယုံကြည် ကြောင်း ပြောကြားခဲ့သည်။ သို့သော် အီရန်သမ္မတ ဟာဆန်ရိုဟာနီက အီရန်နိုင်ငံသည် နျူကလီးယား လက်နက် မပြန့်ပွားရေးစာချုပ်၏ မူဘောင်အတွင်း ယူရေနီယမ် သန့်စင်မှုများ အပါအဝင် နျူကလီးယား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ခွင့်ရှိကြောင်းနှင့် နျူကလီးယားဆိုင်ရာ ခွဲခြားမှုများကိုလည်း အီရန်နိုင်ငံ အနေ ဖြင့် လက်ခံသွားမည် မဟုတ်ကြောင်း မေ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါကိုယ်စားလှယ် အဖွဲ့အနေဖြင့် ဇူလိုင် ၂ဝ ရက်တွင် အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် နောက်ဆုံး သဘောတူညီမှု ရရှိရန် မျှော်မှန်း ထားကြောင်း သိရသည်။

No comments:

Post a Comment

back to top