ရန်ကုန်မြို့၌ ဒိုင်နာယာဉ် ပြေးဆွဲမှုများကို ရပ်ဆိုင်း၍ ဘတ်စကားများကို အစားထိုး ပြေးဆွဲမည်
ရန်ကုန်မြို့တွင် ဒိုင်နာယာဉ် ပြေးဆွဲမှုများကို ဖျက်သိမ်းတော့မည် ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ပြောကြားသည်။
တစ်နှစ်လျှင် ဒိုင်နာယာဉ် အစီး ၅ဝ ဝန်းကျင် တိမ်းမှောက်မှု ဖြစ်ပွားပြီး သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေသည့် အတွက် ပြေးဆွဲမှုကို မကြာမီ ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း၊ ဒိုင်နာယာဉ် များသည် ထရပ်ကား အမျိုးအစား ဖြစ်သောကြောင့် ကုန်တင်ရာ၌ သင့်လျော်သော်လည်း လူစီးရာတွင် ဟိုင်းလတ်ယာဉ်များထက် ပိုမို အန္တရာယ်ရှိသည့် အတွက် ဖျက်သိမ်းမှု အစီအစဉ်တွင် ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ သုံးစွဲမှုစရိတ် စစ်တမ်း ကောက်ယူရာ၌ ၃ ရာခိုင်နှုန်းသည် ယာဉ်ကြောင့်ဖြစ်သည့် သေဆုံးမှု စရိတ်များ ဖြစ်နေပြီး တစ်နှစ်လျှင် ငွေကျပ် သန်း ၃ဝဝ ခန့် ရှိကြောင်း၊ အဝေးပြေး ခရီးသည်များ အတွက် မြန်မာ့ အာမခံလုပ်ငန်းက ခရီးသွား အာမခံ ထားရှိပေးသော်လည်း မြို့တွင်း သယ်ယူပို့ဆောင်ရေး ခရီးစဉ် အတွက် အာမခံ ဖွင့်လှစ်ထားခြင်း မရှိကြောင်း၊ ဟိုင်းလတ် ယာဉ်များကို ရန်ကုန်မြို့တွင်း ဝင်ရောက် ပြေးဆွဲခြင်း မရှိစေရန် ညွှန်ကြားထားပြီး ဖြစ်ပြီး ယခုအခါ ဒိုင်နာယာဉ် ပြေးဆွဲမှုများကိုပါ ရပ်ဆိုင်း၍ လူစီး ဘတ်စကားများ ကိုသာ အစားထိုး ပြေးဆွဲမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသော ဒိုင်နာယာဉ် အစီးရေမှာ ၁၈၆၈ စီးခန့် ရှိကြောင်း မထသ (ဗဟို) ၏ ထုတ်ပြန်ချက် အရ သိရသည်။
No comments:
Post a Comment