Wednesday, May 14, 2014

ပစ်မှတ် အမျိုးမျိုးအား ခြေရာခံနိုင်စွမ်း ရှိသည့် လေကြောင်းရန် ကာကွယ်ရေး စနစ်သစ်အား အီရန် ထုတ်ဖော် ပြသ

အီရန်နိုင်ငံသည် Third of Khordad လေကြောင်းရန် ကာကွယ်ရေး စနစ်သစ်ကို အပြီးသတ် ပုံစံ ရေးဆွဲခဲ့ပြီး ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC)၌ ပြုလုပ်သည့် လေကြောင်းပြပွဲသို့ ဘာသာရေး ခေါင်းဆောင်  အယာတိုလာ အလီခါ မီနီ တက်ရောက် စဉ် အီရန် ကျွမ်းကျင်ပညာရှင်များက မေ ၁၂ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရသည်။
အဆိုပါ လေကြောင်းရန် ကာကွယ်ရေး စနစ်အား ၁၈ လကြာ  တီထွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ကီလိုမီတာ ၅ဝ (၃၁ မိုင်)အတွင်းရှိ ပျံသန်းနေသော ပစ်မှတ်အားလုံးကို ခြေရာခံနိုင်စွမ်း ရှိကြောင်း သိရသည်။
ထို့အပြင် အမြင့် ၂၅,ဝဝဝ မီတာအထက်တွင် ပျံသန်းနေသော ခရုဇ်ဒုံးကျည်၊ ဗုံးကြဲ လေယာဉ် နှင့် ဂျက်တိုက်လေယာဉ်များအား ခြေရာခံနိုင်စွမ်း ရှိကြောင်းနှင့် ၄င်းလေကြောင်းရန် ကာကွယ် ရေးစနစ်တွင် ရေဒါ၊ ခြေရာခံခြင်းနှင့် ဒုံးကျည် ပစ်ခတ်သည့် စနစ်များအား အဆင့်မြှင့်တင် ထားပြီး  ပစ္စည်း ကိရိယာများအား ယာဉ်အတွင်း တပ်ဆင်ထားကြောင်း သိရသည်။
အဆိုပါ လေကြောင်းရန် ကာကွယ်စနစ်သည်  ခေတ်မီ  S-300 လေကြောင်းရန် ကာကွယ်ရေး စနစ်နှင့်  ယှဉ်ပြိုင် နိုင်စွမ်းရှိပြီး ခြေရာခံနိုင်မှုအား အနာဂတ်တွင် ကီလိုမီတာ ၁ဝဝ၊ ကီလိုမီတာ ၂ဝဝ အထိ တိုးမြှင့်နိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း IRGC  လေကြောင်း တပ်ဖွဲ့ အကြီးအကဲ က  ပြောကြား ခဲ့သည်။  

No comments:

Post a Comment

back to top