လူမျိုးရေး ခွဲခြားတဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာ အရေးယူမယ့် သတင်း
ယူအီးအက်ဖ်အေခေါ် ဥရောပ ဘောလုံးအဖွဲ့ချုပ်က လူမျိုးရေးခွဲခြားတဲ့ လုပ်ရပ်တွေကိုပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ အင်္ဂါနေ့က အီတလီနိုင်ငံ တူရင်မြို့မှာ ကျင်းပတဲ့ အမှုဆောင် ကော်မတီအစည်းအဝေးမှာ ထပ်မံပြောကြားပါတယ်။ မကြာခင်ကပဲ ဘာစီလိုနာ ကစားသမား ဒါနီအဲဗတ်နဲ့ အေစီမီလန် ကစားသမားတွေကို ပရိသတ်တွေက ငှက်ပျောသီးနဲ့ ပစ်ပေါက်တာတွေ ထပ်ပြီးဖြစ်လာလို့ ယူအီးအက်ဖ်အေက ထပ်ပြီး သတိပေးလိုက်တာ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေ အထွေထွေအတွင်းရေးမှူး ဂီယန်နီအင်ဖန်တီနိုက "လူမျိုးရေး ခွဲခြားတာတွေကို ပြင်းပြင်းထန်ထန် တိုက်ဖျက်ရမယ် ဆိုတာကို ကျွန်တော်တို့ လက်ခံပြီးသားပါ။ မနှစ်ကလည်း ပြင်းပြင်းထန်ထန် အရေးယူမှုတွေလုပ်ဖို့ နိုင်ငံအလိုက် အဖွဲ့ချုပ်တွေ အားလုံးက ဆုံးဖြတ်ခဲ့ကြပါတယ်။ နောက်ပြီး ကြိုတင်ကာကွယ်မှုတွေ၊ ပညာပေးတာတွေလည်း လုပ်ပါမယ်"လို့ ပြောကြားခဲ့ပါတယ်။ (၂၀၁၃)ခုနှစ်မှာ ချမှတ်လိုက်တဲ့ စည်းမျည်းသစ်အရ လူမျိုးခွဲခြားတဲ့ ဘောလုံးသမားဟာ အနည်းဆုံး (၁၀)ပွဲ အပယ်ခံရပါမယ်။ ပရိသတ်တွေ ကျူးလွန်ရင်တော့ ပထမ အကြိမ်ဆိုရင် အိမ်ကွင်း တစ်စိတ်တစ်ပိုင်း အပိတ်ခံရပါမယ်။ ဒုတိယအကြိမ် ဆိုရင်တော့ တစ်ကွင်းလုံး ပရိသတ်မရှိဘဲ ကစားရတဲ့ ပြစ်ဒဏ်အပြင် ဒဏ်ကြေးလည်း ဆောင်ရပါမယ်။
No comments:
Post a Comment