Tuesday, December 16, 2014

ချန်ပီယံဖလား ဟော်ကီ ဗိုလ်လုပွဲမှာ ဂျာမနီအသင်း ဗိုလ်စွဲ

အိန္ဒိယနိုင်ငံ ဘူဘာနက်ရှ်ဝါမြို့မှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးတဲ့ ချန်ပီယံဖလား အမျိုးသား ဟော်ကီပြိုင်ပွဲမှာ အိုလံပစ်ချန်ပီယံ ဂျာမနီအသင်း ဗိုလ်စွဲသွားပါတယ်။


ဗိုလ်လုပွဲမှာ ဂျာမနီက ပါကစ္စတန်အသင်းကို (၂)ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီအတွက် ဂိုးတွေကို ခရစ်တိုဖာဝက် စလေက (၁၈)မိနစ်နဲ့ ဖလိုရီယန်က (၂၁)မိနစ်တို့မှာ သွင်းခဲ့ပါတယ်။ ဂျာမနီအသင်းအနေနဲ့ ချန်ပီယံဖလား ပြိုင်ပွဲရဲ့ ရွှေဆုကို ဒီနှစ်မှာ (၁၀)ကြိမ်မြောက် ရရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် (၂၀၀၇)ခုနှစ် နောက်ပိုင်းမှာတော့ ဂျာမနီအသင်းအနေနဲ့ ပထမဆုံး အကြိမ် အောင်ပွဲခံသွားတာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲရဲ့ Hero Man of the Match ဆုကို ရသွားတဲ့ ဂျာမနီကစားသမား မာတင်ဇစ်ကာက "ဒီလိုခက်ခဲတဲ့ ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်လို့ ဂုဏ်ယူပါတယ်"လို့ ပြောပါတယ်။ တတိယကြေးဆု လုပွဲမှာတော့ သြစတြေးလျအသင်းက အိမ်ရှင်အိန္ဒိယကို (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားပါ တယ်။ ပွဲစလို့ (၁၈)မိနစ်မှာ အက်ဒီအော့ကင်ဒန်က သြစတြေးလျအတွက် အဖွင့်ဂိုး သွင်းပါတယ်။ ဒါပေမယ့် (၄၂)မိနစ်မှာ လာတစ်က ပိုင်နယ်တီ ကော်နာကနေ အိန္ဒိယအတွက် ချေပဂိုး ပြန်သွင်းလိုက်ပါတယ်။ ပွဲပြီးဖို့ (၈)မိနစ်အလိုမှာတော့ မတ်ဂိုဒက်က အနိုင်ဂိုး သွင်းလိုက်လို့ ကမ္ဘာ့ဖလား ချန်ပီယံ သြစတြေးလျအသင်း တတိယဆု ရသွားပါတယ်။

No comments:

Post a Comment

back to top