ပြိုင်ဘက်ဟောင်း မန်စီးတီးနဲ့ ပြန်ဆုံတဲ့ပွဲဟာ ခက်ခဲလိမ့်မယ်လို့ ဘာစီလိုနာ နည်းပြ ပြောဆို
ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် ပွဲတွေအတွက်
မဲခွဲပွဲအပြီးမှာ ပြိုင်ဘက်ဟောင်း မန်စီးတီးနဲ့ ထပ်မံဆုံတွေ့ခဲ့ပြီးနောက်
ဘာစီလိုနာ နည်းပြ လူးဝစ်အန်းနရစ်က ခက်ခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာ သေချာကြောင်း
ပြောကြားလိုက်ပါတယ်။
တနင်္လာနေ့က ကျင်းပတဲ့ မဲခွဲပွဲအပြီး ပြုလုပ်တဲ့
သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြအန်းနရစ်က အခုလို ဆိုလိုက်တာ ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့
မန်စီးတီးတို့ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာလည်း ဆုံတွေ့ခဲ့ဖူးပြီး
ဘာစီလိုနာကပဲ ပထမအကျော့ အဝေးကွင်းမှာ (၂ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို
ဒုတိယအကျော့ အိမ်ကွင်းပွဲမှာလည်း (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
နည်းပြအန်းနရစ်က ”မန်စီးတီးနဲ့ (၂)နှစ်ဆက် ရင်ဆိုင်ရမှာကတော့ မယုံနိုင်စရာပါပဲ။
ပြီးခဲ့တဲ့ ရာသီက သူတို့ကို (၂)ကျော့စလုံး အနိုင်ရခဲ့ပေမယ့် အလွယ်တကူတော့
မဟုတ်ခဲ့ပါဘူး။ ဒီနှစ်မှာ သူတို့ရဲ့ စုဖွဲ့မှုနဲ့ ကစားအားက ပိုကောင်းလာတာမို့
ကျွန်တော်တို့ကို တန်းတူ ယှဉ်ကစားနိုင်မှာပါ။ အသင်း အတွက် ခက်ခဲမယ့်
ပွဲစဉ်တွေပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ အုပ်စုနောက်ဆုံးပွဲမှာ
ပြင်သစ်ကလပ် ပီအက်စ်ဂျီကို (၃)ဂိုး (၁) ဂိုးနဲ့ အနိုင်ယူပြီး အုပ်စုပထမအဖြစ်နဲ့
ရှုံးထွက်အဆင့်ကို ရောက်လာခဲ့တာ ဖြစ်ပေမယ့် နည်းပြပယ်လီဂရီနီရဲ့ မန်စီးတီးကတော့
အုပ်စု(E)မှာ ဘိုင်ယန်မြူးနစ်နောက် ဒုတိယနေရာကနေသာ ဒီအဆင့်ကို ရောက်ရှိလာခဲ့တာ
ဖြစ်ပါတယ်။
မန်စီးတီးအတွက် ဒီရာသီ လိဂ်သွင်းဂိုး (၁၄)ဂိုးနဲ့
ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ဦးဆောင်နေတဲ့ တိုက်စစ်မှူး
အဂူရိုကလည်း ဒူးအရွတ် ဆုတ်ပြဲ ဒဏ်ရာကြောင့် (၆)ပတ်ကြာ အနားယူနေရပေမယ့် ချန်ပီယံလိဂ်
ရှုံးထွက်ပွဲအမီ ပြန်ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဂျင်တီးနား တိုက်စစ်မှူး
အဂူရိုနဲ့ ပတ်သက်ပြီး သတင်းသမားတွေက မေးမြန်းရာမှာတော့ နည်းပြအန်းနရစ်က
”မန်စီးတီးမှာ ကစားသမားကောင်းတွေ များသလို အဂူရိုကလည်း ရလဒ်ပိုင်းကို
အဆုံးအဖြတ်ပေးနိုင်တဲ့ တိုက်စစ်မှူး တစ်ဦးပါ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့
ကမ္ဘာ့အကောင်းဆုံး ကစားသမားက အသင်းတိုက်စစ်မှူး မက်ဆီပါပဲ။ သူ့နောက်မှာသာ
အခြားသူတွေကို ထည့်သွင်း စဉ်းစားမှာပါ”လို့ ပြောကြားသွားခဲ့ပါတယ်။
No comments:
Post a Comment