ဂျပန်တွင် ကျင်းပသည့် ကလေးရုပ်ရှင် ပွဲတော်တွင် မြန်မာ ကလေးငယ် နှစ်ဦး ဆု ၂ ခုဆွတ်ခူး
ဂျပန်နိုင်ငံ မီနာမီအာဝဂျိ မြို့မှာ ကျင်းပသည့် အာရှ-နိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်မှာ မြန်မာ ကလေးငယ် ၂ ဦးက ဆုနှစ်ခု ဆွတ်ခူးနိုင် ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ အာရှ နိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံက ၃ ကား သွားရောက် ယှဉ်ပြိုင် တဲ့ အနက် ၂ ကား ဆုရရှိခဲ့ခြင်း ဖြစ်သည်။
အာရှကလေးရုပ်ရှင် ပြိုင်ပွဲမှာတော့ မြန်မာကလေးငယ် နှစ်ဦးအနေနဲ့ ထူးချွန်ဆု တစ်ခုနဲ့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပေးအပ်တဲ့ ဆုတစ်ခုရရှိခဲ့ပြီး ဆုရ ဇာတ်လမ်းတို တစ်ခုမှာတော့ ချို့တဲ့နေတဲ့ မိသားစုထဲက ပညာသင်အရွယ် ကလေးငယ် တစ်ဦးရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို ဖော်ညွှန်း ရိုက်ကူး ထားပြီး ကျန်ဇာတ်လမ်းတို မှာတော့ ခြေတစ်ဖက်မရှိတဲ့ ကလေးငယ် တစ်ဦးအဖို့ တခြား ကလေးငယ်တွေ ဘောလုံးကစားပုံ ကြည့်ပြီး စိတ်ကူး ယဉ်နေ ရတဲ့ ဘ၀သရုပ်ကို ရိုက်ကူးထား တာဖြစ်ပါတယ်။
ပါဝင်ယှဉ်ပြိုင်လိုတဲ့ ဇာတ်ကားတွေကို အင်္ဂလိပ် စာတန်းထိုးပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ပေးပို့ခဲ့ရပြီး အဲ့ဒီဇာတ်ကားတွေထဲကမှ သွားရောက် ယှဉ်ပြိုင်မယ့် ဇာတ်ကား ၃ ကားကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ပြန်လည် စိစစ်ပေးခဲ့တာလို့ သိရပါတယ်။
ဆုရရှိတဲ့ပြိုင်ပွဲဝင် တွေကိုတော့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ဒီဇင်ဘာ ၈ ရက်က တွေ့ဆုံ ခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၅ နိုင်ငံက ၀င်ရောက် ယှဉ်ပြိုင်တဲ့ ဒီပြိုင်ပွဲမှာ အသက် ၁၅ နှစ်ကနေ ၁၈ နှစ်အတွင်းရှိ လူငယ် တွေ ပါဝင်ကြပြီး ၃ မိနစ်စာ ဇာတ်လမ်းတို ရိုက်ကူး ယှဉ်ပြိုင်ခဲ့ကြတာပဲ ဖြစ်ပါ တယ်။ ပြိုင်ပွဲဝင်တွေ အတွက် ဂျပန်နိုင်ငံရဲ့ နေရာတချို့မှာ လေ့လာရေး ခရီးစဉ်အဖြစ် သွားရောက်ခွင့် ရရှိခဲ့ပြီး ဒီဇင်ဘာ ၂ ရက်မှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment