Monday, November 3, 2014

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ကညွတ်ကွင်းနှင့် ဖြူး မှ ဒေသခံများနှင့် တွေ့ဆုံ
*********************************************************************
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နိုဝင်ဘာ (၂) ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ မဟာမြို့လှကျောင်းတိုက်သို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော် ဦးနေမိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူးဒါန်းခဲ့သည်။
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ကညွတ်ကွင်းနှင့် ဖြူးမှ ဒေသခံများနှင့် တွေ့ဆုံစဉ်

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် အဆိုပါကျောင်းတိုက်၌ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပဲခူး တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွန်လှိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်ဦး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်း စစ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဦးတင်စိုးနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ မြို့မိမြို့ဖများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကညွတ်ကွင်းမြို့သည် ယခင်ကနှင့်မတူပဲ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ၌ များစွာဖွံ့ဖြိုး တိုးတက်နေသည်ကို တွေ့မြင်ရပါကြောင်း ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့် အလျောက် ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်လိုအပ်ပါကြောင်း ထိုသို့ရရှိရန် ထိုက်သင့်သည့် အတတ်ပညာများ တတ်မြောက်ရန်လိုအပ်ပါကြောင်း သို့ဖြစ်ပါ၍ မိမိတို့သားသမီးများ အား ပညာတတ် များဖြစ်အောင် ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား အ၀တ်အထည်များနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ် သည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ကညွတ်ကွင်းမြို့ ၂၅ ကုတင်ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးဝါး ကုသမှုခံနေကြသည့်လူနာများကို အားပေး စကား ပြောကြားကာ ထောက်ပံ့ငွေများပေးအပ်၍ ဆေးဝါးနှင့် ဆေးရုံသုံး ပစ္စည်းများကို မေးမြန်းမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတဆင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ကညွတ်ကွင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြရတနာခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၉ ကြိမ်မြောက် အာစရိယ ပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အငြိမ်းစားဆရာကြီးများ ဖြစ်ကြသည့် ဦးထွန်းရှိန်၊ ဦးမြင့်လွင်၊ ဦးသိန်းဌေးနှင့် ဦးလှမောင်လေးတို့အား လက်ဆောင်ပစ္စည်းများပေးအပ်၍ မြန်မာ့ရိုးရာအစဉ်အလာနှင့် ကန်တော့သည်။ အခမ်းအနား၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မိမိဘ၀နှင့် မိမိပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာသည်သာ အောင်မြင်မှု၏ ထွက်လမ်းဖြစ်၍ အသိပညာ အတတ်ပညာများကို မဖြစ်မနေ တတ်မြောက်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိတ်၊ ဆန္ဒ၊ ၀ီရိယတို့ဖြင့် ပြင်းပြင်းထန်ထန် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြော ကြားသည်။
ယင်းနောက်ကျောင်းအုပ်ကြီးရုံးခန်း၌ ကျောင်းသား ကျောင်းသူဟောင်းများအား တွေ့ဆုံ၍ ဒေသဆိုင်ရာ လိုအပ်ချက်များကို ဖြည့် ဆည်းမှာကြား ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဖြူးမြို့ သပြေတန်းကျောင်းတိုက်သို့ ရောက် ရှိပြီး မြို့တော်သံဃာနာယက ဆရာတော် ဘဒ္ဒန္တပဏ္ဍ၀ အမှူးပြုသော ဆရာတော် သံဃာတော်များအား ဖူးမြော်ကြည်ညိုသည်။ ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဖြူးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့် စပ်လျဉ်း၍ လျှောက်ထားရာ ဆရာတော်က သြ၀ါဒစကားမြွတ်ကြားသည်။
ယင်းနောက်ပြည်သူ့လွှတ်တော် ဥက္ကဌသည် ဖြူးမြို့ မြို့မအနောက်ရပ်ကွက်ရှိ ခန်းမတည်ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင် သို့ ရောက်ရှိပြီး မြို့နယ်ခန်းမပုံစံနှင့် တည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှုရာ တာဝန်ရှိသူများက တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဌက မြို့နယ်ခန်းမ တည်ဆောက်နေမှုကို သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် စံချိန်စံညွှန်းပြည့် မီရေးအတွက် တာဝန်ရှိသူများ ညှိုနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top