Tuesday, November 4, 2014

မြန်မာလူငယ်များ အမေရိကန် နိုင်ငံသို့ သွားရောက် လေ့လာမည်

အမေရိကန် သံရုံး၏ အရှေ့တောင်အာရှ လူငယ် ခေါင်းဆောင်မှု အစီအစဉ်ဖြင့် မြန်မာ လူငယ်များကို အမေရိကန် နိုင်ငံသို့ သုံးပတ် ကြာ လေ့လာရေး ခရီး ပို့ဆောင်ပေးရန် စီစဉ် ထားကြောင်း မြန်မာနိုင်ငံရှိ အမေရိကန် သံရုံး မှ ထုတ်ပြန် ကြေညာချက်အရ သိရသည်။
ထိုကဲ့သို့ မြန်မာလူငယ်များကို အမေရိကန် နိုင်ငံသို့ လေ့လာရေးခရီး ပို့ဆောင်ပေးမည့် အစီအစဉ်ကို အမေရိကန် နိုင်ငံနှင့် အာဆီယံ နိုင်ငံများ အကြား အပြန်အလှန် နားလည် ယုံကြည်မှု ရှိလာစေရန်၊ ကွဲပြား ခြားနားသော ရိုးရာ ယဉ်ကျေးမှုများနှင့် ဓလေ့ထုံးစံများကို ဖလှယ်နိုင်စေ ရန်၊ ဒေသတွင်းရှိ လူငယ်များ၏ ခေါင်းဆောင်မှု စွမ်းရည်များ ပိုမိုတိုးတက် မြင့်မားလာစေရန် စသည့် ရည်ရွယ်ချက် များဖြင့် စီစဉ် ဆောင် ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းခရီးစဉ်တွင် အသက် ၁၅ နှစ်မှ ၁၇ နှစ်အတွင်းရှိ  ကျောင်းသား၊ ကျောင်းသူများ၊ လုပ်ငန်းခွင်တွင် ဝင်ရောက် လုပ်ကိုင်နေကြသော လူငယ်များ ပါဝင်မည်ဖြစ်ပြီး ခရီးစဉ် အတွင်း၌ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ခေါင်းဆောင်မှု စွမ်းရည်ပိုင်းဆိုင်ရာများ လေ့ကျင့်ခြင်း၊ အမေရိကန် နိုင်ငံရှိ မိသားစုများနှင့် ရင်းနှီးစွာ နေထိုင်ခြင်း စသည်တို့ကို လုပ် ဆောင် သွားကြမည်ဖြစ်ကြောင်း အမေရိကန် သံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ လေ့လာရေး ခရီးစဉ်ကို ၂ဝ၁၅ ခုနှစ် ဧပြီလအတွင်းပို့ဆောင်ပေးရန် စီစဉ်ထားပြီး ခရီးစဉ်တွင် လိုက်ပါ လိုသူ ကျောင်း သား၊ ကျောင်း သူများသည် ပြည်တွင်းရှိ  အထက်တန်းကျောင်းများ သို့မဟုတ် တက္ကသိုလ်များတွင် ယခုလက်ရှိ ပညာသင် ကြားနေ သူများ ဖြစ်ရန်လိုကြောင်း   သိရသည်။
ထို့အပြင် လုပ်ငန်းခွင် ဝင်နေသော အသက် ၁၈ နှစ် အထက်   လူငယ်လူရွယ်များ ဖြစ်ပါက ခေါင်းဆောင်မှု စွမ်းရည်နှင့် စပ်လျဉ်း၍ မိမိတို့ ဆည်းပူး လေ့လာထားသော အရာများကို လုပ်ငန်းခွင်ရှိ အခြားသူများအား ပြန်လည် မျှဝေကာ ရှင်းလင်း တင်ပြနိုင်သူများ   ဖြစ်ရန် လိုကြောင်းနှင့်  ခရီးစဉ်တွင်   ပါဝင်ခွင့်   ရရှိရန်  လျှောက်ထားလိုသူများ အနေဖြင့် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၌ လျှောက်လွှာများ ထုတ်ယူပြီး ဒီဇင်ဘာ ၅ ရက် နောက် ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

back to top