Monday, August 18, 2014

မြောက်ကိုရီးယား ကန့်ကွက်နေသည့်တိုင် အမေရိကန်နှင့် တောင် ကိုရီးယား ပူးပေါင်း စစ်ရေးလေ့ကျင့်မှု စတင်

မြောက်ကိုရီးယားထံမှ တင်းတင်းမာမာ ကန့်ကွက်မှုများ ရှိနေသည့်တိုင် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ စစ်တပ်များ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို အစပြုနေပြီဟု သတင်းရရှိသည်။

ဩဂုတ် (၁၈)ရက်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို စတင်နေကြောင်း တောင်ကိုရီးယားက ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။ အစောပိုင်း က မြောက်ကိုရီးယားသည် ယင်းစစ်ရေး လေ့ကျင့်မှုကို ရန်စခြင်းအဖြစ် ယူဆပြီး အညှာအတာမဲ့ တုံ့ပြန် လက်စားချေမည်ဟု ခြိမ်းခြောက်ထားခဲ့သည်။
Ulchi Freedom Guardian ဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုသည် ဩဂုတ် (၂၉)ရက်ထိ ကြာမြင့်မည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်တွင် ထောင်နှင့်သောင်းနှင့်ချီ များပြားသည့် တောင်ကိုရီးယားနှင့် အမေရိကန် စစ်သည်များ ပူးပေါင်းပါဝင်ကြမည် ဖြစ်သည်။
တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ ယခုနှစ် လေ့ကျင့်မှုများတွင် ပထမဆုံးအကြိမ် အဖြစ် နျူကလီးယား တိုက်ခိုက်မှု တစ်ခုကို တုံ့ပြန်သည့် စမ်းသပ် အစီအစဉ်များ ပါဝင်လာကြောင်း သိရှိရသည်။ မြောက်ကိုရီးယားက အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ပယ်ဖျက်ရန် အစဉ်တစိုက် တောင်းဆို ခဲ့သော်လည်း မဟာမိတ် နှစ်နိုင်ငံက ကြိုတင်စီစဉ်ထားသည့်အတိုင်း အကောင်အထည် ဖော် ခဲ့ခြင်း ဖြစ်သည်။
တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်မှု ကာလအတွင်း နိုင်ငံလုံခြုံရေး သတ်မှတ်ချက် အဆင့်ကို မြှင့်တင် ထားပြီး နိုးနိုးကြားကြား စောင့်ကြည့်နေမည်ဟု ဆိုသည်။ တောင်ကိုရီးယား စစ်ဘက် ထိပ်တန်းအရာရှိ တစ်ဦးက “တကယ်လို့ မြောက်ကိုရီးယားဘက်က တစ်ခုခု ရန်လိုလှုံ့ဆော်တဲ့ အပြုအမူမျိုး ရှိလာပြီ ဆိုရင်တော့ ကျွန်တော်တို့ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန် အရေးယူမှာပါ”ဟု မီဒီယာများအား ပြောကြား သွားသည်။

 

No comments:

Post a Comment

back to top