Tuesday, June 17, 2014


မားစ်ရောဂါပိုး ကူးစက်မှု ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံးအကြိမ် တွေ့ရှိ
အရှေ့အလယ်ပိုင်း ဒေသတွင် အဓိက ကျန်းမာရေး ပြဿနာတစ်ခုအဖြစ် ခြိမ်းခြောက်နေသည့် မားစ်(MERS) ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ပထမဆုံးအကြိမ် အတည်ပြု တွေ့ ရှိလာကြောင်း သိရသည်။

ဇွန်လ(၁၅)ရက်နေ့က အမေရိကန်တွင် နေထိုင်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦးထံ၌ ယင်းရောဂါပိုး ကူးစက်နေသည်ကို ဖော်ထုတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
နာမကျန်း ဖြစ်နေသော အဆိုပါလူနာကို ဆေးရုံသို့ တင်ပို့ခဲ့ရာတွင် မားဗိုင်းရပ်စ် ကူးစက်နေကြောင်း ဆရာဝန်များက အတည်ပြု တွေ့ရှိခဲ့သည်။ ၎င်းသည် အမေရိကန်မှ အရှေ့အလယ်ပိုင်း ဒေသရှိ အဘူဒါဘီသို့ သွားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည် ရောက်ရှိလာသူ ဖြစ်သည်။
အမည်ဖော်ပြခြင်း မရှိသည့် အသက်(၅၃)နှစ်အရွယ် လူနာကို အလေးအနက် စောင့်ကြည့်ကုသပေးခဲ့ပြီး အခြေအနေ တိုးတက်မှု ရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ကူးစက်ရောဂါနှင့် ရောဂါအမျိုးမျိုး ထိန်းချုပ်ရေးနှင့် သုတေသန ဌာနမှ ဒါရိုက်တာဖြစ်သူ မာမာဒူ ရာဟ်မန်က ပြောကြားခဲ့သည်။
“ကူးစက်ခံရသူက ဘင်္ဂလားဒေ့ရှ်မှာ မွေးဖွားပေမယ့် အမေရိကန်မှာ အခြေချ နေထိုင်သူပါ။ ဇွန်လဆန်းက ဘင်္ဂလားဒေ့ရှ်ကို ပြန်ရောက်လာပြီး အဲဒီနောက်မှာ အပြင်းအထန် ဖျားနာလာတယ်။ မားစ်ရောဂါပိုး ကူးစက်ခံရတဲ့ အခြေအနေကတော့ အဘူဒါဘီ လေဆိပ်မှာ (၃)နာရီလောက် ခရီးတစ်ထောက် နားခဲ့ချိန်လောက်က အဖြစ်နိုင်ဆုံးပါပဲ”ဟု ရာဟ်မန်က မှတ်ချက်ပြုခဲ့သည်။
အသက်ရှူလမ်းကြောင်းကို အဓိကထား ဖျက်ဆီးတိုက်ခိုက်တတ်သည့် မားစ်ဗိုင်းရပ်စ်ကို ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံးအကြိမ် တွေ့ရှိခြင်းလည်း ဖြစ်သည်။ ယခုအခါ ယင်းဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ သည့် နိုင်ငံ အရေအတွက်သည် (၂၂)ခုထိ ရှိလာပြီဟု သိရသည်။
(၂၀၁၂)ခုနှစ်က စတင်တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့ပြီးနောက် မားစ်ရောဂါပိုး ကူးစက်မှု အများ ဆုံး နိုင်ငံမှာ ဆော်ဒီအာရေဗျ ဖြစ်လာပြီး အီဂျစ်၊ ဂျော်ဒန်၊ လက်ဘနွန်၊ အီရန်၊ နယ်သာလန်၊ ယူအေအီး၊ အမေရိကန်ပြည်ထောင်စုနှင့် အယ်လ်ဂျီးရီးယား နိုင်ငံများသို့ပါ ပျံ့နှံ့ရောက်ရှိခဲ့ သည်။ ဆော်ဒီတွင် မားစ်ကြောင့် သေဆုံးသူ အရေအတွက်သည် (၂၈၄)ဦးထိ ရှိခဲ့ပြီဖြစ်ပြီး နောက်ထပ် ရာနှင့်ချီ ရောဂါကူးစက် ခံခဲ့ရသည်။
မားစ်သည် (၂၀၀၃)ခုနှစ်က အာရှဒေသကို ခြိမ်းခြောက်ခဲ့သည့် ဆားစ်ဗိုင်းရပ်စ်နှင့် ဆင်တူသော်လည်း ဆားစ်က ကူးစက်မှု ပိုမိုလွယ်ကူပြီး သေကြေပျက်စီးမှု အချိုးအစား နည်းပါးသည်။ မားစ်က ကူးစက်မှု အခြေအနေ ပိုမိုခက်ခဲသော်လည်း အသက်အန္တရာယ် ခြိမ်းခြောက်နိုင်စွမ်း ပိုမိုကြီးမားသည်။
ဆားစ် နှင့် မားစ် ရောဂါပိုးတို့မှာ အဆုတ်တွင် ထိခိုက်မှုများ ဖြစ်ပေါ်စေတတ်ပြီး ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်း၊ ကိုယ်အပူချိန် မြင့်တက်ခြင်းတို့ ခံစားရလေ့ ရှိသည်။ မားစ်ကမူ ထိခိုက်မှု ပိုမိုပြင်း ထန်ရာ ကျောက်ကပ်ကိုပါ လျင်လျင်မြန်မြန် ထိခိုက်စေတတ်ကြောင်း သိရှိရသည်။



No comments:

Post a Comment

back to top