ပုသိမ်ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ပေးအပ်ပွဲနှင့် လူငယ်ဆွေးနွေးပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရပ်ကွက်အမှတ်(၂) မဟာဗန္ဓုလလမ်းရှိ ပုသိမ် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် မေ ၃၁ ရက် နံနက် ၈ နာရီက လူငယ်တာဝန်ပေးအပ်ပွဲနှင့် လူငယ်တွေ့ဆုံပွဲ အခမ်း အနားကို ကျင်းပခဲ့ရာ ဦးစွာ လူငယ် သီချင်းကိုပြိုင်တူသီဆိုဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းအောင် တက်ရောက် အဖွင့်အမှာ စကား ပြောကြားခဲ့ရာ ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၅ အုပ်စုတွင် တစ်အုပ်စုလျှင် လူငယ် ၃၀ စီဖြင့် စုဖွဲ့ထားပြီး ဖြစ်ကြောင်း၊ စုဖွဲ့ထားရှိသော လူငယ်များအား ရပ်ရွာအကျိုး သယ်ပိုးဆောင်ရွက်နိုင်ရန် အတွက် လည်းကောင်း၊ မိမိတို့အစိုးရအဖွဲ့နှင့် လူငယ်များပူးပေါင်းပြီး အကျိုးရှိသော လူမှုရေးကိစ္စရပ်များကို ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ လူငယ်အင်အား ၃၀ မှ ၅၀၊ ၇၀၊ ၉၀ အထိ ရရှိအောင် ဆက်လက် ဖွဲ့စည်းသွားရန် လိုကြောင်း ပြော ကြားသည်။
ထို့နောက် လူငယ်တာဝန် အလံပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသိန်းအောင်က ပုသိမ်မြို့နယ် ပါတီကော်မတီဝင် လူငယ်ခေါင်းဆောင် ဦးအောင်စိုးဦးသို့ လူငယ် အလံပေးအပ်ခဲ့ရာ လူငယ် တာဝန်ခံက လူငယ်အလံကို လက်ခံရယူပြီး တက်ရောက်လာကြသည့် ရပ်/ ကျေး လူငယ်များက ကတိသစ္စာလေးချက်ကို ပြိုင်တူရွတ်ဆိုခဲ့ကြသည်။
ဆက်လက်ပြီး သဘာပတိတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသိန်းအောင်က လူငယ်ဆွေးနွေးပွဲ အဖွင့် အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် လူငယ်များက ခေါင်းစဉ်သုံးခုဖြစ်သော 'လူငယ်နှင့် စည်းရုံးရေး'၊ 'လူငယ်နှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး'၊ ' လူငယ်နှင့် ၂၀၁၅ ခုနှစ် ပါတီ အောင်နိုင်ရေး' ခေါင်းစဉ်များကို အဖွဲ့ခွဲ၍ ဆွေးနွေးခဲ့သည်။ ဆွေးနွေးချက်များမှ ရရှိလာသော အချက်များကို အဖွဲ့ခေါင်းဆောင်များက စာတမ်းအဖြစ် တင်သွင်းခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသိန်းအောင် က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အတူ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာထိန်ဝင်းနှင့် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီနာယကများ၊ ရပ်/ ကျေး စည်းမှူးများနှင့် လူငယ်များ စုစုပေါင်းအင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment