ဘုရင်ဘူမိဘော၏
နိုင်ငံတော်အကြီးအကဲ အဖြစ် ခန့်အပ်ခြင်း ထိုင်းကာကွယ်ရေး ဦးစီးချုပ်ခံယူ
ထိုင်းကာကွယ်ရေးဦးစီးချုပ်
ပရာယုချန်အိုချာသည် ထိုင်းဘုရင် ဘူမိဘော၏ နိုင်ငံတော်အကြီးအကဲအဖြစ် ခန့်အပ်ခြင်းကို
ခံယူခဲ့ကြောင်း ဘီဘီစီ သတင်းဌာနက ယနေ့ဖော်ပြသည်။ ထိုင်းစစ်တပ် မှ နိုင်ငံတော် အာဏာသိမ်းယူခြင်းကို
ဦးဆောင်ပြုလုပ်ခဲ့သည့် ပရာယုချန်အိုချာသည် အာဏာသိမ်း ယူပြီးနောက် အုပ်ချုပ်ရေးနှင့်
တည်ငြိမ်ရေး ဆောင်ရွက်ရန်ဖွဲ့စည်းခဲ့သော အမျိုးသား ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု
ထိန်းသိမ်းရေး ကောင်စီ၏ အကြီးအကဲအဖြစ် တာဝန်ယူနေသူဖြစ်ပြီး ထိုင်းဘုရင်၏ သူကောင်းပြု မှုကြောင့်
နိုင်ငံတော်အကြီးအကဲအဖြစ် တရားဝင် ဆောင်ရွက်ခွင့် ရရှိသောအခြေအနေကို ပိုင်ဆိုင် သွားခဲ့သည်ဟု
ဆိုသည်။
အဆိုပါ အခမ်းအနားကို
ဘန်ကောက်မြို့ရှိ စစ်ရုံးချုပ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ထိုင်းဘုရင်ဘူမိဘောတက်ရောက်ခြင်းမရှိခဲ့ဟု
သိရသည်။ အာဏာသိမ်းယူပြီးနောက် နိုင်ငံရေးသမား ၁၅၀ ကျော်နှင့် သက်ဆိုင်ရာ သြဇာကြီးခေါင်းဆောင်များကို
ထမ်းသိမ်းမှု ပြုလုပ် ခဲ့ခြင်းကြောင့် နိုင်ငံ တကာမှ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရခြင်းကို
တုံ့ပြန်ရန်အတွက် ပရာယုချန်အိုချာသည် ထိုင်းဘုရင်၏ အသိအမှတ်ပြုမှုကို ခံယူခဲ့ခြင်းဖြစ်ဖွယ်ရှိသည်ဟု
ထိုင်းမီဒီယာက ဖော်ပြသည်။ ထိုင်းတော်ဝင်မိသားစုမှ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင်
ပရာယုချန်အိုချာကို အမျိုးသားငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေးကောင်စီ၏
အကြီးအကဲ အဖြစ် ခန့်အပ်ပြီး နိုင်ငံတစ်ဝန်းတွင် ငြိမ်းချမ်းမှု၊ တရားဥပဒေစိုးမိုးမှုနှင့်
အမျိုးသားစည်းလုံးညီညွတ်မှုများဖြစ်ပေါ်လာအောင် တည်ဆောက်ရန် ဘုရင်မင်းမြတ်မှ တာဝန်ပေးအပ်လိုက်သည်ဟု
ဖော်ပြသည်။
ယနေ့တွင်
ဘန်ကောက်မြို့၌ ထိုင်းစစ်တပ်၏ အာဏာသိမ်းမှုကို ကန့်ကွက်သည့် ဆန္ဒပြမှုများ ထပ်မံထွက်ပေါ်နေခြင်းကြောင့်
ယမန်နေ့က ဖွဲ့စည်းလိုက်သော စစ်ခုံရုံးသို့ တင်ပို့ခံရမည့် သူများပေါ် ထွက်လာနိုင်သည်ဟု
ထိုင်းမီဒီယာများက ဖော်ပြသည်။ ထိုင်းစစ်တပ်သည် ယမန်နေ့က ထိန်းသိမ်းထားသော ၀န်ကြီးချုပ်ဟောင်း
ယင်လပ်ရှင်နာဝပ်ထရာနှင့် ရှပ်ဝါခေါင်းဆောင် ဆူသက်သောင် ဆူဘန်တို့ကို ထိန်းသိမ်းထားသည့်နေရာများမှ
ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။ ဆူသက်သောင်ဆူဘန်ကို အမျိုးသားငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု
ထိန်းသိမ်းရေးကောင်စီ က နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားစေရန် ကြိုးပမ်းအားထုတ်ခဲ့မှုဖြင့်
အရေးယူဖွယ်ရှိသည်ဟုဆိုသည်။
No comments:
Post a Comment