စပိန် မိုတိုဂျီပီ လေ့ကျင့်မှုမှာ အဲလက် အမြန်ဆုံးစံချိန် ရတဲ့ သတင်း
စပိန်နိုင်ငံ ဂျီရက်မြို့မှာ သောကြာနေ့က ပြုလုပ်တဲ့ စပိန်မိုတိုဂရင်းပရီ လေ့ကျင့်မှုမှာ စပိန်နိုင်ငံသား အဲလက်အက်စ်ပါဂါရိုက (၁)မိနစ်(၃၉ဒသမ၃၅၇)စက္ကန့်နဲ့ အမြန်ဆုံးစံချိန် ရပါတယ်။ တနင်္ဂနွေ ကျင်းပမယ့် MotoGPပွဲအတွက် လေ့ကျင့်ကြတာဖြစ်ပြီး ဂျော့လိုရင်ဇိုက (ဒသမ၃၅၇)စက္ကန့်အကွာနဲ့ ဒုတိယအမြန်ဆုံး ဖြစ်ခဲ့ပါတယ်။ အဲလက်နဲ့ ဂျော့လိုရင်ဇိုတို့ (၂)ဦးလုံး စပိန်နိုင်ငံသားတွေဖြစ်ပြီး ယာမာဟာ အသင်းသားတွေလည်း ဖြစ်ပါတယ်။ ဂျော့လိုရင်ဇိုဟာ ဒီပြိုင်ပွဲကို သူရဲ့အကြိမ်(၂၀၀)မြောက် ဂရင်းပရီပွဲအနေနဲ့ ပြိုင်ပွဲဝင်မှာပါ။ ဟွန်ဒါအသင်းသားဖြစ်တဲ့ ကမ္ဘာ့ချန်ပီယံ မတ်မာကွစ်ကတော့ (ဒသမ၄၀၀) စက္ကန့်အကွာနဲ့ တတိယအမြန်ဆုံး ဖြစ်ခဲ့ပါတယ်။ စပိန်နိုင်ငံသားပဲဖြစ်တဲ့ မတ်မာကွစ်ဟာ ဂရင်းပရီပြိုင်ပွဲဝင်တာ ဒီပြိုင်ပွဲမှာ အကြိမ်(၁၀၀) ပြည့်ပါမယ်။ MotoGP မှာ အမြန်ဆုံးစံချိန်ရတဲ့ အဲလက်က "ပြိုင်ကွင်း အခြေအနေက မနက်နဲ့ နေ့ခင်းတောင် အများကြီး ပြောင်းသွားတယ်။ မနက်က လေ့ကျင့်ရတာ ကောင်းပါတယ်။ နေ့ခင်းကျတော့ ရာသီဥတုက (၅၁)ဒီဂရီ ဖြစ်သွားတယ်။ ရေခဲပေါ် စီးရသလိုပဲ။ ပြိုင်လမ်းတွေကလည်း ချောနေတယ်။ ဒါပေမယ့် ကျွန်တော့်စံချိန် ကောင်းပါတယ်။ ဆက်ထိန်းနိုင်အောင် ကြိုးစားရမယ်"လို့ ပြောပါတယ်။ Moto2ပြိုင်ပွဲမှာတော့ စပိန်နိုင်ငံသား အက်စ်တိဗ်ရာဘက်က (၁)မိနစ် (၄၃ဒသမ၄၈၆)စက္ကန့်နဲ့ ကွင်းတစ်ပတ် အမြန်ဆုံးစံချိန် ရပါတယ်။ Moto3 လေ့ကျင့်မှုမှာတော့ စပိန်နိုင်ငံသားပဲဖြစ်တဲ့ အိုင်ဆက်ဗီနေးက (၁)မိနစ်(၄၇ဒသမ၃၈၈)စက္ကန့်နဲ့ ကွင်းတစ်ပတ် အမြန်ဆုံးစံချိန် ရပါတယ်။
No comments:
Post a Comment