Tuesday, February 11, 2014

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အရှိန်ထိန်းကိရိယာ ၂၀ ထပ်မံတပ်ဆင်မည်
ယာဉ်တိမ်းမှောက်ခြင်း လျော့ကျမှုမရှိသေးသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အရှိန်ထိန်း ကိရိယာ အခု ၂ဝ ထပ်မံတပ်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်-နေပြည်တော်-မန္တလေး အထိ နှစ်ပိုင်းခွဲ၍ တပ်ဆင်ထား လျက်ရှိသော အရှိန်ထိန်း ကိရိယာ ခုနစ်ခုခန့်သာ တပ်ဆင်ထားသော်လည်း အမြန်လမ်းအတွင်း နေ့စဉ်ဖြတ်သန်းနေသော ယာဉ် အရေအတွက်နှင့် လုံလောက်မှု မရှိသေးသောကြောင့် ထပ်မံတပ်ဆင်ရန် ဆောင်ရွက် ရခြင်းဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်း၏ ပြောကြား ချက် အရ သိရသည်။
ယင်းသို့တပ်ဆင်ရာတွင် ယာဉ်တိမ်းမှောက်မှု၊ ယာဉ်တိုက်မှု ဖြစ်ပွားလေ့ရှိသော မိုင်တိုင် ၈၄၊ မိုင်တိုင် ၁၁၂ မှ ၁၁၅ အကြား၊ မိုင်တိုင် ၁၁၄ မှ ၁၄၆ အုတ်တွင်း၊ မိုင်တိုင်  ၂၂ဝ ပန်းတင်အနီးနှင့် မန္တလေးဘက်ရှိ မိုင်တိုင် ၂၅၈ တို့ဖြစ်ပြီး ၄င်းနေရာများနှင့် အနီးပတ်ဝန်းကျင်တို့တွင် ဦးစားပေး တပ်ဆင်သွား မည်ဖြစ်ကြောင်း သိရသည်။
အမြန်လမ်းမကြီးပေါ်တွင် ၂ဝ၁၃ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အမြန်လမ်းပိုင်းတွင် ယာဉ်ကြံ့ခိုင်ရေး စစ်ဆေးမှု များနှင့် အရက်မူးတိုင်းကိရိယာ တပ်ဆင်အသုံးပြုမှုများနှင့် အရှိန်တိုင်း ကိရိယာတို့အား အသုံးပြုစစ်ဆေး မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။                  
တစ်နာရီ မိုင် ၆ဝ (ကီလိုမီတာ ၁ဝဝ) သာ မောင်းနှင်ရန် သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် တစ်ရက်ပျမ်းမျှ ယာဉ်အစီးရေ ၁၅ဝဝ ခန့်ကို အရေးယူမှုများ ပြုလုပ်နေရကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန် ထားသည်။
ယင်းအပြင် ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုများမှာလည်း လျော့ကျမှု မရှိသေးသည့်အပြင် နေ့စဉ် ဖြတ် သန်းနေသော ယာဉ်အစီးရေ ၅ဝဝဝ ကျော်မှ ပျမ်းမျှတစ်စီးနှုန်းမှာ ယာဉ်တိမ်းမှောက်ခြင်းနှင့် ယာဉ်တိုက်မှု တို့ ဖြစ်ပွားနေကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ယာဉ်တိမ်းမှောက်မှု ၅ဝဝ ခန့် ဖြစ်ပွား ခဲ့ကာ သေဆုံးသူ ၂၅ဝ  ကျော်နှင့် ဒဏ်ရာရရှိသူ ၈ဝဝ ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။
Ref : news-eleven.com

No comments:

Post a Comment

back to top