Tuesday, November 18, 2014

ရည်မှန်းချက် အောင်မြင်ရေးအတွက် မည်သည့်အခါမျှ အင်အား သုံးမည် မဟုတ်ဟု တရုတ်သမ္မတပြော

ဆစ်ဒနီ၊ နိုဝင်ဘာ ၁၇။ အာရှတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများ၏ အန္တရာယ်နှင့်ပတ်သက်၍ အမေရိကန် သမ္မတ ဘာရက်အိုဘားမားက သတိပေးခဲ့ရာ  ပင်လယ်ပြင်ပိုင်နက် အငြင်းပွားမှု အပါအဝင် တရုတ်နိုင်ငံ၏ ရည်မှန်းချက် ပန်းတိုင်ကို လက်နက်ကိုင်တပ်ဖွဲ့ အားကိုးဖြင့် မည်သည့်အခါမှ ရယူသွားမည်မဟုတ်ဟု တရုတ်သမ္မတရှီကျင့်ဖျင်က နိုဝင်ဘာ ၁၇ရက်တွင် ပြောကြားကြောင်း အေအက်ဖ်ပီ ဖော်ပြခဲ့သည်။

မဟာအင်အားကြီးနိုင်ငံဖြစ်ပြီး ဖွံ့ဖြိုးသည့် တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးကို လိုအပ်ကြောင်း၊ ပဋိပက္ခ ကြောင့် အကျိုးဖြစ်ထွန်း သည်ဆိုသည်မှာ သမိုင်း၏ သင်ခန်းစာအရလည်း မရှိကြောင်း သြစတြေးလျ ပါလီမန်တွင် သမ္မတရှီက ပြောခဲ့သည်။
"သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဖွံ့ ဖြိုးရေးအတွက် လက်နက်ကိုင်တပ်ဖွဲအင်အား သုံးပြီးလုပ်ဆောင် ခဲ့တဲ့နိုင်ငံတွေဟာ အရေးနိမ့်ခဲ့ရတာ ချည်းပါ။ဒါကသမိုင်းရဲ့သင်ခန်းစာပါ။တရုတ်နိုင်ငံက ငြိမ်းချမ်းရေးကိုသာ ရှေးရှုထားပါတယ်။ ငြိမ်းချမ်းရေးက တန်ဖိုးရှိတယ်။ အကာအ ကွယ် လည်းဖြစ်တယ်"ဟု ရှီက ပြောခဲ့သည်။ သို့ သော် "ငြိမ်းချမ်းရေးကို ပျက်ပြားစေမည့် အကြောင်းချင်းရာများကိုလည်း ကျွန်တော် တို့ အနေ နဲ့ အမြဲသတိရှိရမှာဖြစ်ကြောင်း" ၎င်းက ဖြည့်စွက်ပြောကြားသည်။
တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုနှင့် ပတ်သက်ကာ အရှေ့ တောင်အာရှ လေးနိုင်ငံနှင့် အငြင်းပွားလျက်ရှိပြီး ဂျပန်နိုင်ငံနှင့် လည်း ကျွန်းစုများ ပိုင်ဆိုင်ရေးတွင် ပဋိပက္ခဖြစ်နေသည်။
ပင်လယ်ပြင်အငြင်းပွားမှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန် အမေရိကန်၊ သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့က တောင်းဆိုခဲ့သည်။ " နယ်မြေပိုင်နက်အငြင်းပွားခြင်းသည် ထိပ်တိုက် ရင်ဆိုင်ခြင်းဆီသို့ ဦးတည်သွားနိုင်ကြောင်း" သမ္မတ အိုဘားမားက သတိပေး ခဲ့သည်။
သမ္မတ ရှီက ဆွေးနွေးရေးအတွက် တံခါးဖွင့်ထားကြောင်း နိုဝင်ဘာ ၁၇ရက်တွင် ပြောလိုက်သည်။ "နယ်မြေပိုင်နက် အချုပ်အခြာ အာဏာနဲ့ပင်လယ်ရေပိုင်နက် အကျိုးစီးပွားတို့အပေါ် စိုးရိမ်မှုရှိတဲ့ နိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေကနေ ငြိမ်းချမ်းစွာဖြေရှင်းသွားဖို့ တရုတ်နိုင်ငံက တစ်စဉ်တစ်စိုက် ရပ်တည်နေခဲ့တာပါ" ဟု ၎င်းကပြောသည်။
"တရုတ်နိုင်ငံက အိမ်နီးချင်း ၁၄နိုင်ငံတွင် ၁၂နိုင်ငံနှင့် နယ်နမိတ်ပြဿနာများကို ရင်းရင်းနှီးနှီး တိုင်ပင် ဆွေးနွေးနေ ပါတယ်။ ရှေ့ ဆက်ပြီး လည်း ဒီလမ်းကြောင်းအတိုင်း ဦးတည်သွားမှာပါ။ ပင်လယ်ပြင်ဆိုင်ရာ ပြဿနာရပ်များကိုလည်း ဆွေးနွေးပွဲများ တိုးမြင့်လုပ်ဆောင် သွားဖို့တရုတ်နိုင်ငံက အဆင်သင့် ရှိနေပါ တယ်"ဟု သမ္မတရှီက ဖြည့်စွက်ပြောခဲ့သည်။


No comments:

Post a Comment

back to top