ဒုတိယတေးစီးရီးအတွက် အသံသွင်းနေတဲ့ မြတ်သူအောင်
သရုပ်ဆောင်အလုပ်အပြင် ဂီတကိုပါ နှစ်သက်သည့် သရုပ်ဆောင်မြတ်သူအောင်က ဒုတိယစီးရီးအတွက် အသံသွင်းခြင်းကို စတင်နေပြီဟုပြောသည်။ ‘‘အခု ဒုတိယစီးရီးမှာ ကိုယ်ပိုင်သံစဉ်တစ်ဝက်၊ ကော်ပီတစ်ဝက်ပါပါမယ်။ Own Tune မှာ ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးတွေပါမှာပါ။ သီချင်းပုံစံလေးတွေကတော့ ရော့ခ်ပုံစံလေးတွေပါ။ Slow Rock နဲ့ Modern Rock ပုံစံလေးတွေပါမယ်။ သီချင်းက အခုတော့ ၁၅ ပုဒ်လောက် ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ အခွေမှာတော့ ၁၁ ပုဒ်လောက်ပဲ ထည့်ဖြစ်မှာပါ။ ပထမအခွေနဲ့မတူတာက ဒီအခွေမှာ အမြူးလေးတွေထည့်မှာပါ’’ဟု မြတ်သူအောင်ကပြောသည်။
စီးရီးနာမည်ကို မစဉ်းစားရသေးဘဲ အကောင်းဆုံးပြင်ဆင်ပြီးချိန်မှ ပရိသတ်ကိုချပြသွားမည်ဟု ဆိုသည်။ သရုပ်ဆောင်အလုပ်နှင့် အဆက်ပြတ်သွားခြင်းမှာ ပထမအခွေအတွက် အချိန်ပေးနေခြင်းကြောင့် မည်သည့်ရိုက်ကူးမှုမှ လက်မခံဖြစ်ကြောင်း ပြောကြားသည်။ သရုပ်ဆောင်မြတ်သူအောင်က ၎င်း၏အချစ်ရေးနဲ့ပတ်သက်၍ ၎င်းထက် အသက်ငယ်ရွယ်သည့် အနုပညာ လောကမှ နာမည်လေးလုံးပါသည့် သရုပ်ဆောင်တစ်ဦးနှင့် တွဲဖြစ်နေပြီး လက်ထပ်ရန်အထိ ရည်ရွယ်ထားသည်ဟုဆိုသည်။ ပထမစီးရီးဖြစ်သော အခြားတစ်ဘက်ဒီဗီဒီကို ထွက်ရှိထားပြီး ယင်းစီးရီးတွင်လည်း တေးသီချင်း များကို ကိုယ်တိုင်ပုံဖော်ရိုက်ကူးထားသည်။
No comments:
Post a Comment