အဖွင့်ပွဲ ရှုံးနိမ့်မှုကနေ လိုအပ်တာတွေကို ပြင်ဆင်နိုင်မယ်လို့ မန်ယူနည်းပြ ဗန်ဟား ပြော
စနေနေ့မှာ ကစားတဲ့ ပရီးမီးယားလိဂ်ရာသီ အဖွင့်ပွဲစဉ်က ဆွမ်ဆီးကို ရှုံးနိမ့်ခဲ့မှုကနေ အသင်းလိုအပ်ချက်တွေကို လေ့လာ ပြင်ဆင်နိုင်မှာ ဖြစ်တယ်လို့ မန်ယူနည်းပြ ဗန်ဟားက ပွဲပြီးသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မန်ယူဟာ ရာသီကြို ခြေစမ်းပွဲစဉ်တစ်လျှောက် ရလဒ်ကောင်းခဲ့ပြီး ရီးရဲလ် ၊လီဗာပူးတို့လို အသင်းတွေကို အနိုင်ယူနိုင်ခဲ့ပေမယ့် ရာသီအဖွင့်ပွဲမှာတော့ အိမ်ကွင်းမှာတင် ဆွမ်ဆီးကို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့် ပရိသတ်တွေသာမက အသင်းနဲ့ ပတ်သက်သူအားလုံး စိတ်ပျက်နေကြမှာ ဖြစ်ပေမယ့် အသင်းအတွက် သင်ခန်းစာကောင်းတစ်ခု ရခဲ့တာဖြစ်တယ်လို့ ဗန်ဟားက ပြောပါတယ်။ "ရှုံးပွဲက အသင်းယုံကြည်မှုကို ပျက်ပြားစေတာ အမှန်ပါပဲ။ ဒါပေမယ့် အခုမှအဖွင့်ပွဲစဉ်ပဲ ရှိပါသေးတယ်။ တစ်ပွဲတည်း ကစားယုံနဲ့ ချန်ပီယံအသင်းကို ရွေးချယ်လို့ မရသေးပါဘူး။ အသင်းအတွက် ဒီရှုံးပွဲကနေ ပြင်ဆင်စရာရှိတာတွေကို လေ့လာပြီး အကောင်းဆုံး ပုံစံရအောင် တည်ဆောက်သွားရမှာပါ"လို့ ဗန်ဟားက ပြောပါတယ်။ ဆွမ်ဆီးနည်းပြ ဂယ်ရီမန့်ကတော့ အသင်းသားတွေအတွက် ဂုဏ်ယူကြောင်းနဲ့ ဖိအားကင်းကင်းနဲ့ ကစားနိုင်ခဲ့လို့ ရလဒ်ကောင်း ယူနိုင်ခဲ့တာဖြစ်ကြောင်း ပြောဆိုသွားပါတယ်။ မန်ယူဟာ ဒုတိယပွဲစဉ်အဖြစ် သြဂုတ်(၂၄)မှာ ဆန်းဒါးလန်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဆွမ်ဆီးကတော့ သြဂုတ်(၂၃)မှာ ဘန်လေနဲ့ အိမ်ကွင်းပွဲ ကစားရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment