မြန်မာနိုင်ငံတွင် အိန္ဒိယဘဏ် (Bank of India) ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ်ခွင့်ရရှိ
အိန္ဒိယနိုင်ငံ၏
နာမည်ကြီး စီးပွားရေး ဘဏ်တစ်ခု ဖြစ်သည့် Bank of India (BOI)ကို
မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းများ စတင် ဆောင်ရွက်နိုင်ရန်အတွက် ၄င်း၏
ကိုယ်စားလှယ် ရုံးအား လာရောက် ဖွင့်လှစ်ခွင့်ပြု လိုက်ကြောင်း သိရသည်။
အဆိုပါ Bank of India (BOI)သည် ၁၉ဝ၆
ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့သော ဘဏ် တစ်ခု ဖြစ်ပြီး ရုံးချုပ်ကို
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ ဖွင့်လှစ်ထားကာ ယခုအခါ နိုင်ငံတကာ တွင်လည်း
၎င်း၏ ဘဏ်ခွဲပေါင်း များစွာကို ဖွင့်လှစ်ထားလျက် ရှိသည်။ ထိုဘဏ်ခွဲများကို
အိန္ဒိယနိုင်ငံ အပြင် တခြားသော နိုင်ငံတကာ မြို့ကြီးများ ဖြစ်ကြသည့်
နယူးယောက်၊ ဆွီဒင်၊ နယူးဇီလန်၊ တိုကျို၊ အိုဆာကာ၊ စင်ကာပူ၊ ဟောင်ကောင်၊
ဗီယက်နမ်၊ နိုင်ဂျီးရီးယားနှင့် ဂျကာတာ စသည်တို့တွင် ဖွင့်လှစ်ထားပြီး
ယခု လက်ရှိတွင် ဘဏ်ခွဲပေါင်း ၄၅၄ဝ ကျော်ကို ဖွင့်လှစ်ထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြား
ဘဏ်ခွဲတစ်ခု အနေဖြင့် လုပ်ကိုင်ခွင့် မရရှိသေးသည့်အတွက် ကိုယ်စားလှယ်
ရုံးခွဲအဖြစ်ဖြင့်သာ ဖွင့်လှစ်လုပ်ကိုင် သွားမည်ဖြစ်ပြီး နိုင်ငံခြား
ဘဏ်ခွဲများ ဖွင့်ခွင့် ရရှိသော အခါ Bank of India (BOI) ၏
မြန်မာနိုင်ငံဆိုင်ရာ ဘဏ်ခွဲ တစ်ခုအဖြစ် အဆင့်တိုးမြှင့် လုပ်ကိုင်
ဆောင် ရွက်သွားရန် အစီအစဉ် ရှိကြောင်းသိရသည်။
ထို့အပြင် Bank of India သည်
နိုင်ငံတကာတွင် ၄င်း၏ ATM ကွန်ရက်ကိုလည်း လုံခြုံ စိတ်ချရပြီး
လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်သော SWIFT (Society for Worldwide
Interbank Financial Telecommunication) စနစ်ဖြင့် အဆင့်မြင့် ဝန်ဆောင်မှု
ပေးထား သော ဘဏ်တစ်ခု ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြား
ဘဏ်များကို ကိုယ်စားလှယ် ရုံးခွဲများသာ ဖွင့်လှစ်ခွင့်ပြု ထားသော်လည်း
ယခုဘဏ္ဍာရေးနှစ် အတွင်းမှ စတင်ကာ နိုင်ငံခြား ဘဏ်ခွဲများကို ပြည်တွင်း၌
ဖွင့်လှစ် ခွင့် ပေးသွားရန် စီစဉ်ထားပြီး ထိုသို့ လုပ်ဆောင်နိုင်စေရန် အတွက်
လိုအပ်သော ဥပဒေများ ကိုလည်း ပြင် ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ နိုင်ငံခြား ဘဏ်များကို
ပြည်တွင်း၌ ဖွင့်လှစ်ခွင့် ပေးလိုက်ပါက ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များ
အနေဖြင့် စိန်ခေါ်မှုများ ပိုမိုကြုံတွေ့ လာနိုင်ကြောင်း ပုဂ္ဂလိကဘဏ်
လုပ်ငန်းရှင် တချို့က ပြောကြား ခဲ့သည်။
No comments:
Post a Comment